Thursday, July 23, 2009

မြှားမဲ့လေးညှို့

ခွဲခွာခြင်းလမ်းဆုံ
ဒါတွေက ငါ့အတွက်တော့
မဆန်းတော့တဲ့ပုံပြင်တစ်ခုပေါ့

ပြောလိုက်ကြတဲ့ ပုံပြင်
နှလုံးသွေးတွေခန်းခြောက်မတတ်
ကြာကြာဝါး ခါးမှန်းသိဆိုတာကို
ငါအခုမှလက်ခံလိုက်ရတယ်..........။

ကလေးချော့တေး
ကြိုးပြတ်စောင်းနဲ့ တီးတဲ့သံစဉ်
မြူနှင်းလက်တစ်ဆုပ်နဲ့ ကျတဲ့ဆောင်း
ဘီလူးလက်ထဲက ပန်းကိုလုယူချင်ပေမယ့်
ငါက.................“ရာမ”မှမဟုတ်ခဲ့တာ................။

မိုးတိမ်ကဗျာ

ပျော်တော်ဆက်


ရင်ကွဲပက်လက်လမ်း
သံစဉ်မထွက်တော့တဲ့ ဂစ်တာအို
တောင်ခိုးတွေ တဝေေ၀နဲ့
အက်ကွဲနေတဲ့ ကြေးမှုံပြင်ထက်က
နှလုံးသားတစ်စုံ
သူလည်း
ပတ်ကြးအက်နေတယ်................။

ပေါက်ပြဲနေတဲ့ ကံကြမ္မာဝတ်ရုံကိုခြုံ
သွေးအလိမ်းလိမ်းနဲ့ ကော်ဇောနီပေါ်
ရင်ကော့ခေါင်းမော့နဲ့တက်လျှောက်
ဂုဏ်ရှိရှိနဲ့ကျောခိုင်းလိုက်တယ်
ဒါ
ကတ္တီပါလမ်းခွဲတဲ့........................။

အော်ဟစ်ငိုကြွေးချင်ပေမယ့်
အားရတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်တာကိုတော့
မလိုချင်ဘူး
ငါကအပျင်းပြေအောင်
အသုံးတော်ခံနေတာမှမဟုတ်ပဲ.....................။

မိုးတိမ်ကဗျာ


Sunday, July 19, 2009

ရက်ချိန်း

ငါ့နှလုံးသားဟာ နင်နဲ့တွေ့တဲ့အချိန်ကစပြီး
သေဒဏ်ပေးခံလိုက်ရတယ်
ဘယ်နေ့လဲဆိုတာ မသိနိုင်ပေမယ့်
တစ်နေ့နေ့တော့
နင့်လက်ချက်နဲ့ကွဲကြေရမှာပါ..........။

ပိုးဖလံတွေဟာ
မီးကိုပူမှန်းသိရက်နဲ့ ၀င်တိုးကြတယ်
ငါလည်း...အဲဒီလိုပါပဲ
နင့်အနားကို
ရင်းနှီးခွင့်ရဖို့ကြိုးစားလိုက်တိုင်း
မပြောပြနိုင်လောက်အောင်
နာကျင်ရတဲ့ ခံစားချက်တွေကို
ရမယ်ဆိုတာသိပေမယ့်လည်း
ငါ...နောက်မဆုတ်နိုင်ခဲ့ဘူး
နင်နဲ့ ခဏတာတွေ့ခွင့်အတွက်
အရာအားလုံးကို
ငါ............စတေးခဲ့တာ
နင့်ကိုစတွေ့ခဲ့တဲ့ အချိန်ကတည်းကပါ..........။

အခုတော့...
ကောင်မလေးရယ်
ရင်တစ်ချက်ဆောင့်ခုန်လိုက်တိုင်း
နင်ကို တစ်ခါလွမ်းဆွတ်ရတဲ့
နာကျင်မှုကို ဆက်မခံစားနိုင်တော့လို့
ငါ့ရင်ခုန်သံ ရပ်သွားမယ့်နေ့
နှလုံးသားသေဒဏ် ရက်ချိန်းစေ့တဲ့နေ့ကို
ငါ.............လက်ချိုးရေတွက်ဆဲပါ....................။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

သင်္ကြန်

ကောင်မလေးရေ......
နှစ်ဟောင်းက အညစ်အကြေးတွေကို
သင်္ကြန်ရေနဲ့ ဆေးကြောပစ်နိုင်ပေမယ့်
ငါ့ရင်ထဲက နင်ပေးခဲ့တဲ့ ဝေဒနာတွေကိုတော့
ဘယ်သင်္ကြန်ရေ စင်အောင်ဆေးနိုင်ပါ့မလဲ............။

နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ
လူတိုင်း စိတ်သစ်လူသစ်နဲ့
ဘ၀သစ်တစ်ခုကို တည်ဆောက်နိုင်ပေမယ့်
ငါကတော့ နင်ရှိနေခဲ့တဲ့
နှစ်ဟောင်းမှာပဲ နေချင်ခဲ့တယ်
ငါ့တန်ခူးမှာ သင်္ကြန်မကျကြေးပေါ့ ......................။

အားလုံးအတွက် မြူးကြွတဲ့
သင်္ကြန်အချိန်အခါ ငါ့အတွက်တော
ထူးခြားတဲ့ သင်္ကြန်မဖြစ်နိုင်တော့ဘူး....။
နင်မရှိတော့တဲ့ ငါ့သင်္ကြန်မှာ
ပိတောက်ဝါတွေလည်း မဝေဆာနိုင်တာ
သေချာတယ် ကောင်မလေး.........................။
မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

နင် သိရဲ့လား

ကောင်မလေးရေ........
ငါ့ဘက်ကနင့်ကို အသက်ထက်ပိုတန်ဖိုးထား
အမြတ်တနိုးချစ်ခဲ့ပေမယ့်
ငါရခဲ့တာက သူငယ်ချင်း ဆက်ဆံရေးအဆင့်လောက်တောင် မပိုပါလား...

ကြယ်ကြွေတိုင်း ဆုတောင်းရင်ပြည့်တယ်လို့ ကြားဖူးတယ်
ငါအဖြစ်ချင်ဆုံး ဆန္ဒကိုပြောဆိုရင်
နင်ဆုတောင်းတိုင်း ပြည့်စေဖို့
ကြွေကျတဲ့ ကြယ်လေးတွေ ဖြစ်ချင်တယ် ။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
နင့်အတွက်
ငါ့ရဲ့ ဖြူစင်တဲ့ အချစ်တွေကို
ကြယ်တွေနဲ့အတူ မြုပ်နှံထားတယ်
ကောင်းကင်ကို မော့ကြည့်တိုင်း
ငါ့အချစ်တွေကို နင်မြင်နိုင်အောင်လို့ ။ ။

မိုးတိမ်

သိစေချင်တယ်

မထင်မှတ်တဲ့ ဆုံတွေ့ခြင်းနောက်ကွယ်မှာ
ဒီလိုရင်နာစေရမယ့် အဖြစ်ဆိုးတွေကို
ကြိုသိနိုင်ခဲ့ရင်လည်း ငါနောက်မဆုတ်နိုင်တော့ဘူး....။

နင်နဲ့ ခဏတာဆုံတွေ့ခြင်းကို
ငါ့ဘ၀တစ်ခုလုံးနဲ့ လဲယူနိုင်မယ်ဆိုရင်
ဘယ်အချိန်ဖြစ်ဖြစ်ပြောလိုက်စမ်းပါ
ဘ၀တစ်ခုလုံးအပြင်
နှင်းဆီရောင်အချစ်တွေ ပျော်ဝင်နေတဲ့
နှလုံးသားတစ်စုံ အဆစ်ပေးလိုက်ချင်တယ်.......။

အရာရာကို အလွယ်တကူမေ့သွားတတ်ပေမယ့်
နင်ပြောခဲ့တဲ့စကားတွေကို အခုချိန်ထိ
တစ်လုံးမကျန် မှတ်မိနေတုန်းပဲဆိုရင်
ပိုတယ်လို့ ဆိုနိုင်မလား
မပိုတဲ့အပြင် လိုတောင်နေသေးတယ်..............ချစ်သူ ။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

သဘာဝ ပြဌာန်းချက်

များလိုက်တဲ့ လောဘတွေ
ဟိုနေရာမှာလဲတွေ့
ဒီနေရာမှာလဲတွေ့
အလကားကျောပိုးထားရတဲ့လောကကြီးကိုတော့
နည်းနည်း အားနာဖို့ကောင်းတယ်။

မှောင်နေလို့ဆိုပြီး
ဒေါသမီးနဲ့တော့ မလင်းချင်ဘူး
သူ့အတိုင်းလေး
မှောင်နေတာက စိတ်ချမ်းသာပါတယ်။

ရထူးဂုဏ်အရှိန်အ၀ါရှိမှ
လူရာဝင်တယ်ဆိုရင်
ဟာကွက်မရှိ ပြည့်စုံတဲ့
သဘာဝကြီးက မွေးကတည်းက ဖန်တီးထည့်ပေးလိုက်မှာပေါ့။

မောဟအမှောင်တိုက်ဖုံးနေလို့
သူများ အလင်းတိုင်ကို
မလုယူချင်စမ်းပါနဲ့
ကိုယ့်နှလုံးသားအလင်းကို
ဘာဖြစ်လို့အရင်ဆုံး မထွန်းချင်ကြတာလဲ
ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်ကို ကျော်လိုက်ရင်
ပြဌာန်းစာအုပ်မှာ မရှိတဲ့
သဘာဝကို မြင်ရပါလိမ့်မယ်။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

စိုးရိမ်ခြင်း

မျှော်လင့်ခြင်းတွေ
တလက်လက်တောထနေတဲ့
အိမ်မက်ကမ္ဘာတစ်ခုပေါ်
စိတ်ကူးခြင်းတိမ်တိုက်တွေက
အလွမ်းတွေ ဖွင့်ချခဲ့တယ်........

ကြေကွဲခြင်း သစ်တောထဲမှာ
အဖော်မပါတစ်ကိုယ်ထဲ
ဘယ်ဆီမှာမှန်းမသိတဲ့
ထွက်ပေါက်တစ်ခုကို
တွေ့လိုတွေ့ငြား လိုက်ရှာခဲ့မိတယ်
ဆုလာဘ်အဖြစ်ရရှိလာမယ့်
အနမ်းတွေကိုမျှော်လင့်လို့ပေါ့..........။

ကောင်မလေးရယ်...
နင်ကငါ့အတွက် အလင်းရောင်ဖြစ်ခဲ့ရင်
နင့်နှလုံးသားမီးအိမ်ကို ထွန်းညှိပေးပါ
ငါလမ်းပျောက်သွားမှာ စိုးလို့...................။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ရှင်သန်ခြင်း

ငါ့ပြတိုက်ထဲမှာ
နင့်ပုံတူ အရုပ်တစ်ရုပ်
နှလုံးသားနံရံပေါ်မှာ ထုဆစ်ထားတယ်
ရင်ခုန်သံမရပ်သရွေ့ တည်ရှိနေအောင်လို့......။

ငါ့အမြင်လွှာပေါ်မှာ
နင့်ရုပ်ပုံကို မင်ကြောင်ထိုးထားတယ်
သတိရတိုင်း မြင်နိုင်အောင်လို့................။

ငါ့ခြေထောက်တွေရဲ့
ဦးတည်ရာအဖြစ်
နင်ရှိရာ အရပ်ကိုပဲသွားဖို့
ဦးနှောက်က အဆက်မပြတ်ခိုင်းစေနေတယ်
ငါ့ရှင်သန်ခြင်းတွေ မရပ်တန့်သွားအောင်လို့ပေါ့.................။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ငါ သို့မဟုတ် နာရီလိုလူ

ချစ်သူရေ....
နင်နဲ့ မတွေ့ရတဲ့နေ့တွေကို
ငါအသေအလဲ ကြိုးစားပြီးနေနေခဲ့ရတယ်...............။

ကြယ်ကြွေမြင်ရင်
ဆုတောင်းတိုင်းပြည့် လိမ့်မယ်ထင်လို့
ညဘက်တွေဆို
ကောင်ကင်ကို မော့ကြည့်ပြီး
ကြယ်ကြွေတာကို စောင့်ကြည့်နေတတ်ခဲ့တယ်............။

ငါ့အဖြစ်က နာရီတစ်လုံးလိုပါပဲ
နင်မချစ်နိုင်မှန်း ကြိုသိနေခဲ့ပေမယ့်
ငါရှေ့ဆက်တိုးနေခဲ့တယ်
နာရီဆိုတာ
ဘယ်လောက်ပဲ မှားမှားမှန်မှန်
ရှေ့ကိုပဲသွားရတာပဲလေ......................................။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ကိုယ်ချင်းစာတတ်ပါစေ

ဟိုတစ်နေ့ ကတွေ့လိုက်ရတဲ့
သက်တံ့လေးတစ်ခု
ဘယ်လောက်လှသလဲဆိုတာ
မင်းသိအောင် ပြောပြချင်ပါရဲ့.....

ကြွေခါနီး သစ်ရွက်တစ်ရွက်ရဲ့
နောက်ဆုံးအသက်ရူသံ
ဘယ်လောက်ကြေကွဲစရာ ကောင်းလဲဆိုတာ
မင်းသိအောင် ပြောချင်ပါရဲ့.....

ညဘက် တွေဆို မအိပ်နိုင်
အိမ်မက်ထဲက မင်းမျက်လုံးတွေကို
ရင်မဆိုင်ရဲတဲ့ အသည်းကွဲသမားရဲ့
ငိုကြွေးသံ မင်းခံစားတတ်လာအောင်
သင်ပေးချင်ပါရဲ့......

နှလုံးတစ်ချက်ခုန်တိုင်း
မင်းနာမည်ကို တစ်ခါတမ်းတနေတဲ့
ငါ့ရဲ့အဖြစ်ကို မင်းကိုယ်ချင်းစာတတ်လာအောင်
ပြောပြချင်သေးတယ်......ချစ်သူ။ ။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ငိုနေသော လူရွှင်တော်

ကောင်မလေးရေ......
အဲကွန်းတစ်လုံးလို နင့်ဘ၀ကို
အေးမြနေအောင် မစွမ်းဆောင်နိုင်ပေမယ့်
နင်သာလိုအပ်မယ်ဆိုရင်
ငါ့ဘ၀ကို ပန်ကာတစ်လုံးလို
မွှတ်နေအောင် လည်ပေးလိုက်ချင်တယ်
ချွှေးနည်းနည်းတိတ်မယ်ဆိုရင်
ငါကျေနပ်ပါတယ်........။

နင့်အတွက်ဆို
ငါက ဂျိုကာတစ်ကောင်`
နင်ရယ်မောစေဖို့
အလွမ်းတွေကို ဟာသလုပ်
ချစ်ခြင်းတွေနဲ့ ပြက်လုံးထုတ်
မျက်လုံးမှာ မျက်ရည်အပြည့်
မျက်နှာကတော့ အပြုံးမပျက်ခဲ့ပါဘူး။

အားရအောင် ရယ်ပစ်လိုက်စမ်းပါ
ဂျိုကာတစ်ယောက်ရဲ့
အချစ်က သိပ်ကိုရီစရာကောင်းပါတယ်ကွာ
နည်းနည်းလေးပဲဖြစ်ဖြစ် ရီဖြစ်အောင်ရီပါ
ဘ၀နဲ့လောင်းကြေးထပ်
မျှော်လင့်ချက်ဇာတ်ခုံပေါ်က
ငါဟာ............လူရွှင်တော်ပါ။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

နှလုံးသားပျက်သုဉ်းခြင်း

ကောင်မလေးရေ..........
နင့်ရဲ့ ဥပေက္ခာတရားတွေကို
ငါခံနိုင်ဖို့ အတွက်
နှလုံးသားကို ထုံဆေးပေးဖို့လိုလိမ့်မယ်........။

ငါရဲ့ရင်ဘတ်ထဲကို ၀င်ကြည့်ဖို့
မကြိုးစားချင်စမ်းပါနဲ့
ဒဏ်ရာတွေဗလပွနဲ့ ကွဲကြေနေတာကို
နင်မြင်သွားရင် သွေးပျက်သွားမှာစိုးလို့...........။

အခြေအနေဆိုးနေတဲ့
ငါ့ကိုသနားတယ်ဆိုရင်
မုန်းတယ်ဆိုတဲ့ စကားကို မပြောလိုက်ပါနဲ့
ငါ့ရဲ့နောက်ဆုံး ရင်ခုန်သံကို
နင်မကြားစေချင်ဘူး.....................။ ။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ကံကြမ္မာကို ကျေးဇူးတင်ခြင်း

နင်နဲ့ငါနဲ့
ပိတောက်တွေ ဝေကြတဲ့
ရာသီအချိန်မှာ တွေ့ဖြစ်ခဲ့ကြပေမယ့်
ငါ့အချစ်ကတော့
တစ်နှစ်တစ်ခါ ပွင့်တဲ့
ပန်းပိတောက်လိုအချစ်မျိုး မဟုတ်ခဲ့ပါဘူး.................။

ရေတွေစို နင်ချမ်းနေတယ်ဆိုရင်
ငါ့ရင်ခွင်ထဲ ၀င်ခိုနားလိုက်ပါဟာ
နင်အချမ်းပြေစေဖို့
နှလုံးသွေးနဲ့ အချစ်မီးမွှေးထားတယ်......................။

ကလေးလေးတစ်ယောက်လို
အပြစ်ကင်းတဲ့ ရယ်မောခြင်းတွေကို
ငါအမြတ်တနိုး တန်ဖိုးထားတတ်ခဲ့တယ်................။

ဖြူစင်လှတဲ့နင့် နှလုံးသားနေရာကို
ကျူးကျော်ဝင်ရောက်ဖို့
ငါ့ရဲ့ ညစ်ပေနေတဲ့ ရင်ခုန်သံတွေကို
သင်္ကြန်ရေနဲ့ ဆေးကြောထားလိုက်ပြီ
နင့်အတွက်ဆို ငါ့အချစ်ကသန့်စင်ပါတယ်......................။

တိုတောင်းတဲ့ အချိန်တစ်ခဏပေမဲ့
ထာဝရတည်တံ့နေမယ့် အချစ်ကို
ငါရှာဖွေတွေ့ရှိခဲ့တယ်
နင့်အပြုံးတွေက လမ်းပြပေးခဲ့လို့လေ...............................။

ကြေကွဲခြင်းနှင်းမှုန်တွေရဲ့အောက်မှာ
အေးခဲသေဆုံးနေတဲ့
ငါ့နှလုံးသားရှင်သန်လာနိုင်အောင်
မေတ္တာအနွေးဓာတ်ပေးနိုင်တဲ့
မိန်းကလေးတစ်ယောက်နဲ့ ဆုံနိုင်ခွင့်ကို
ပေးခဲ့တဲ့ ကံကြမ္မာကို
ကျေးဇူးတင်လွန်းလို့
အဲဒီနေ့က ကောင်းကင်ကြီးကို
ငါထိုင်ရှီခိုးမိခဲ့တယ်
ကောင်မလေး....................................................။

မိုးတိမ်ကဗျာ
ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

အနက်ဖွင့်ဆိုချက်

မနက်ဖြန်
သင်သည် အမည်နာမအားဖြင့် တနင်္လာ လို့ပဲခေါ်ခေါ် ၊ ရက်ရာဇာ ၊ ပြဿဒါးလို့ပဲပြောပြောဂရုမစိုက်တော့ ၊ ချစ်သူ နှင့် တွေ့ခွင့်ရသော ရက်များသည် ကျွန်ုပ်အတွက် ကောင်းသောရက်ရာဇာများသာဖြစ်ကြကုန်၏ ။
ဤသို့ဆိုလျှင် ကျွန်ုပ်သည်အတ္တကြီးသူတစ်ယောက်ဖြစ်၏။ ။

အတိတ်
အများက သင့်အားအရေးပါသည်ဖြစ်စေ ၊ အရေးမပါသည်ဖြစ်စေ ၊ အတိတ်ကိုအရိပ်လို စွဲပြီးသွားလေရာခေါ်မသွားသင့်ဘူးပဲပြောပြောအလေးမထားတော့၊ ချစ်သူအလည်လာခဲ့သော ကျွနုပ်၏အတိတ်သည် ထပ်ခါတလဲလဲပြန်မက်ခွင့်ရှိသော အိပ်မက်အဖြစ်သဘောထား၏။ထိုအရာအားမည်သည့်အရာနဲ့မှမလဲနိုင် ၊
တန်ဖိုးမသိနိုင်သော တန်ဖိုးအဖြစ် မှတ်ယူ၏ ။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် လောဘကြီးသူတစ်ယောက်ဖြစ်၏ ။

အနာဂါတ်
ကောင်းသော အနာဂါတ်ကိုသာ လှိုက်လှဲစွာကြိုဆိုကြ၏ ။တကယ်တော့ အနာဂါတ်သည် ရောက်လာမည့် အတိတ်ဖြစ်သည်ဆိုလျှင် မှားအံ့လော ။ ချစ်သူမရှိသောနေရာသည် ကျွန်ုပ်အတွက် အဓိပ္ပယ်မရှိ။
ထို့ကြောင့် သင့်အားကျွန်ုပ်မကြိုဆို။ ချစ်သူနေထိုင်သော အတိတ်သာလျှင်ကျွန်ုပ်၏ အနာဂါတ်ဖြစ်သည်။ထိုနေရာတွင်သာ ကျွန်ုပ်၏ ရှင်သန်ခြင်းများကို မြုပ်နှံပစ်ခဲ့၏ ။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် အနာဂတ်မဲ့နေသော အရူးတစ်ယောက်ဖြစ်၏ ။

ချစ်သူ
သင့်အတွက် သုံးလိုရာသုံးနိုင်စေရန် ကျွန်ုပ်၏ ဦးနှောက်အား သံယောဇဉ်ဖြင့် တုတ်နှောင်ထားခဲ့သည်။
ဂလန်ဂဆန် မလုပ်နိုင်စေရန်ရည်ရွယ်၏ ။သင့်ဆီသို့ နှလုံးသား သက်သက်ဖြင့်သာလာ၏။ ထိုနှလုံးသားထဲတွင် တစ်ခုတည်းသော
အရာသာရှိ၏ ။ဤအရာကို အများက အချစ်ဟု လက်ခံထားကြကုန်၏ ။ဤသို့ဆိုလျှင် ကျွန်ုပ်သည် သင့်အားချစ်သော
ခံစားချက်ကိုသာ ပိုင်ဆိုင်သူဖြစ်သည်။ထို့ကြောင့် ကျွန်ုပ်အား ချစ်တတ်သူ တစ်ယောက်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်၏ ။
မိုးတိမ်ကဗျာ

မှတ်ချက်။။ ကျေးဇူးပြုပြီး ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

cyber crime

ချစ်သူရေ...................
ကိုယ်တို့တွေ ချိန်းတွေ့စကားပြောခဲ့ကြတဲ့
GTalk ပေါ်မှာ မင်းနာမည်
Offline ဖြစ်နေခဲ့တာ ကြာခဲ့ပြီနော်.................။

ကိုယ်တို့ချစ်ခဲ့ကြတဲ့ အချိန်တုန်းက
မင်းရဲ့နှလုံးသားဝက်ဘ်ဆိုက်ပေါ်မှာ
ကိုယ်ဖွဲ့သီထားတဲ့ အချစ်ကဗျာတွေအတွက်
Blog တစ်မျက်နှာ ရေးခွင့်ပေးခဲ့တယ်လေ..............။

မင်းရဲ့ နှုတ်ခမ်းပါးပါးကို ထာဝရနမ်းရှိုက်ခွင့်ရဖို့
Free Account မပေးနိုင်ဘူးဆိုလို့
မေတ္တာတန်ဖိုး ၁၅၀၀ နဲ့ Register လုပ်ခဲ့ရတယ်လေ...............။

အခုတော့လည်း ဒါတွေက ပုံပြင်တွေလိုပါပဲ
ချစ်သူရဲ့ အမေဒေါ် Server ရဲ့
ရက်စက်လှတဲ့ ပိတ်ပင်ချက်
Access Denied ဆိုတဲ့စာသားတွေက
တို့ရဲ့ချစ်သက်သေ ၀က်ဘ်ဆိုက်ကို
Sign In လုပ်ဖို့ကြိုးစားတိုင်း
ကိုယ့်ကိုရင်မောစေခဲ့တာ ခဏခဏပေါ့..............။

ကိုယ်တို့ရဲ့ အောင်သွယ်တော်
Ultra Surf ကိုအကူအညီတောင်းကြည့်ပေမယ့်လဲ
အကျိုးမထူးခဲ့ပါဘူး....................................။

တို့ရဲ့အချစ် Connection ကောင်းလာစေဖို့
ဗေဒင်ဆရာကြီး Mr. MyFreedom ဆီကို
ကိုယ်သွားခဲ့တာကို ချစ်သူသိစေချင်တယ်................။

ဒါပေမယ့်လည်းလေ
သူပေးတဲ့ ယတြာ
Freegate လဲမစွမ်းနိုင်တော့ဘူးထင်ပါရဲ့၊
ဒေါ်ဒေါ် Server ရဲ့ mail ကသက်သေပေါ့
“နောက်တစ်ခါ ငါ့သမီးရဲ့ နှလုံးသား Pages ကို
Hack လုပ်ဖို့ကြိုးစားရင် Cyber Crime ပုဒ်မနဲ့ အရေးယူရလိမ့်မယ်”တဲ့..............။

သို့သော်ငြားလည်း
စိတ်ဓာတ်မကျစေချင်ဘူးချစ်သူ
ကိုယ်ကြိုးစားပမ်းစားတူးထားတဲ့
Gtunnel ထဲမှာပဲ ကိုယ်တို့ရဲ့
အချစ် Network ကိုတည်ဆောက်ကြတာပေါ့
အဲဒီ့နေရာမှာ Virues တွေ၊Malware တွေ၊
တို့ကိုအနှောက်အယှက်ပေးမယ့် Spyware တွေလဲမရှိရလေအောင်
ကိုယ် Kaspersky ကို Licence Version ၀ယ်သုံးထားတယ်
အချစ်ဆုံးမင်းလေး
စိတ်ချမ်းသာစွာ နေထိုင်နိုင်အောင်လို့.................................................။

မိုးတိမ်ကဗျာ

မှတ်ချက် ။ ။အပြောင်အပျက်သဘောလေးနဲ့ရေထားတာပါ။အမှားပါတာရှိရင်
ခွင့်လွတ်စေချင်ပါတယ်။
ချစ်သူရေ...................
ကိုယ်တို့တွေ ချိန်းတွေ့စကားပြောခဲ့ကြတဲ့
GTalk ပေါ်မှာ မင်းနာမည်
Offline ဖြစ်နေခဲ့တာ ကြာခဲ့ပြီနော်.................။

ကိုယ်တို့ချစ်ခဲ့ကြတဲ့ အချိန်တုန်းက
မင်းရဲ့နှလုံးသားဝက်ဘ်ဆိုက်ပေါ်မှာ
ကိုယ်ဖွဲ့သီထားတဲ့ အချစ်ကဗျာတွေအတွက်
Blog တစ်မျက်နှာ ရေးခွင့်ပေးခဲ့တယ်လေ..............။

မင်းရဲ့ နှုတ်ခမ်းပါးပါးကို ထာဝရနမ်းရှိုက်ခွင့်ရဖို့
Free Account မပေးနိုင်ဘူးဆိုလို့
မေတ္တာတန်ဖိုး ၁၅၀၀ နဲ့ Register လုပ်ခဲ့ရတယ်လေ...............။

အခုတော့လည်း ဒါတွေက ပုံပြင်တွေလိုပါပဲ
ချစ်သူရဲ့ အမေဒေါ် Server ရဲ့
ရက်စက်လှတဲ့ ပိတ်ပင်ချက်
Access Denied ဆိုတဲ့စာသားတွေက
တို့ရဲ့ချစ်သက်သေ ၀က်ဘ်ဆိုက်ကို
Sign In လုပ်ဖို့ကြိုးစားတိုင်း
ကိုယ့်ကိုရင်မောစေခဲ့တာ ခဏခဏပေါ့..............။

ကိုယ်တို့ရဲ့ အောင်သွယ်တော်
Ultra Surf ကိုအကူအညီတောင်းကြည့်ပေမယ့်လဲ
အကျိုးမထူးခဲ့ပါဘူး....................................။

တို့ရဲ့အချစ် Connection ကောင်းလာစေဖို့
ဗေဒင်ဆရာကြီး Mr. MyFreedom ဆီကို
ကိုယ်သွားခဲ့တာကို ချစ်သူသိစေချင်တယ်................။

ဒါပေမယ့်လည်းလေ
သူပေးတဲ့ ယတြာ
Freegate လဲမစွမ်းနိုင်တော့ဘူးထင်ပါရဲ့၊
ဒေါ်ဒေါ် Server ရဲ့ mail ကသက်သေပေါ့
“နောက်တစ်ခါ ငါ့သမီးရဲ့ နှလုံးသား Pages ကို
Hack လုပ်ဖို့ကြိုးစားရင် Cyber Crime ပုဒ်မနဲ့ အရေးယူရလိမ့်မယ်”တဲ့..............။

သို့သော်ငြားလည်း
စိတ်ဓာတ်မကျစေချင်ဘူးချစ်သူ
ကိုယ်ကြိုးစားပမ်းစားတူးထားတဲ့
Gtunnel ထဲမှာပဲ ကိုယ်တို့ရဲ့
အချစ် Network ကိုတည်ဆောက်ကြတာပေါ့
အဲဒီ့နေရာမှာ Virues တွေ၊Malware တွေ၊
တို့ကိုအနှောက်အယှက်ပေးမယ့် Spyware တွေလဲမရှိရလေအောင်
ကိုယ် Kaspersky ကို Licence Version ၀ယ်သုံးထားတယ်
အချစ်ဆုံးမင်းလေး
စိတ်ချမ်းသာစွာ နေထိုင်နိုင်အောင်လို့.................................................။

မိုးတိမ်ကဗျာ

မှတ်ချက် ။ ။အပြောင်အပျက်သဘောလေးနဲ့ရေထားတာပါ။အမှားပါတာရှိရင်
ခွင့်လွတ်စေချင်ပါတယ်။

နှိုင်းယှဉ်ချက်

ငါရေးခဲ့တဲ့ကဗျာတွေက
ဝမ်းနည်းဖို့ကောင်းလို့
မျက်ရည်တောင်လည်မိတယ်တဲ့...............

ကဗျာတွေအဖြစ်ရင်ထဲက
ခံစားချက်တွေကို
ပြောပြနိုင်တဲ့အခွင့်အရေးပဲရှိတဲ့
ငါကတော့ ရင်ဘတ်ထဲမှာ
မျက်ရည်မိုးတွေ
အကြိမ်ပေါင်းထောင်ချီရွာနေခဲ့တာကိုတော့
ဘယ်သူသိမှာလဲ....................................။

ရာသီဥတုကပူလွန်းလို့
ချွေးတစိုစိုနဲ့ နေထိုင်ရခက်လိုက်တာတဲ့.............။
နင့်ကြောင့်နှလုံးသားတစ်ခုလုံး
အလွမ်းမီးတောက်တွေနဲ့ လောင်မြိုက်ခံနေရတဲ့
ငါ့ဘ၀က ငရဲကျနေသလိုပါပဲ
နွေအပူ ဘယ်လောက်ပူနိုင်လို့လဲ.......................။

ကိုရီးယားကားထဲက
မင်းသားကိုသနားလွန်းလို့
ညဘက်ဆိုအိပ်လို့တောင်မပျော်ဘူးတဲ့...................။

နင့်အကြောင်းကိုတွေးမိတိုင်း
ရင်ထဲက တဆတ်ဆတ်နာနေလို့
အိပ်ရာပေါ်မှာ လူးလိမ့်နေရတဲ့
ငါကတော့
ညအချိန်ဆိုတာ အိပ်ဖို့ဆိုတဲ့
သဘာဝကိုလွန်ဆန်နေခဲ့ရတာ
ကြာလှပေါ့...................................................။

မိုးတိမ်ကဗျာ
မှတ်ချက် ။ ။ကျွှန်တော့် post များကို အခြားနေရာများတွင်ဖော်ပြလိုပါက အကြောင်းလေးတော့ကြားပေးပါ။
အဆုံးထိဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။

အပြုံး

လူသားတွေ နေထိုင်နေကြတဲ့
ကမ္ဘာမြေကြီး အလယ်မှာ
ဘာတွေရှိလဲဆိုတာ
အခုထက်ထိ သေချာမသိကြသေးဘူး။

ငါ့နှလုံးသားအလယ်ဗဟိုမှာ
နင်ရှိတယ်ဆိုတာကိုတော့
နင့်ကိုစတွေ့ခဲ့တဲ့ ပထမဆုံးညနေခင်းမှာ
ငါသေချာသိခဲ့တယ်...........။

ကောင်းကင်က ကြယ်တွေရဲ့အလင်းရောင်က
အတောက်ပဆုံးလို့ ပြောနေကြတဲ့ လူတွေကို
ငါတစ်ခုလောက်တော့ပြောချင်တယ်
နင့်ရဲ့ မျက်လုံးတွေကို
သူတို့မတွေ့ဘူးကြလို့ပါ.....................။

မိုနာလီဇာ အပြုံးက
ကမ္ဘာကျော်အောင် လှတယ်လို့
သတ်မှတ်ကြတဲ့ သူတွေက
အရူးတွေပဲလို့ ငါစွပ်စွဲလိုက်မယ်။
နင့်အပြုံးတွေကို ဘယ်မှီပါ့မလဲ
ကိုယ်ချစ်တဲ့ ကောင်မလေးရဲ့အပြုံးက
အလှဆုံးပဲဆိုတာ ဘယ်သူငြင်းနိုင်မလဲ.......။
မိုးတိမ်ကဗျာ

ဆေးတစ်ခွက်

အို.....လောကကိုစောင့်သောနတ်မင်း
ငါ့အား ပြန်ခေါ်လည့်ပါ
လောကကြီးမှာ နေထိုင်ရတာ
စပ်တာက်တောက်နဲ့ ..........................။

ဘ၀ရဲ့အနက်ဖွင့်ဆိုချက်က ဘာလဲ
ငါသိတာကတော့
မာယာတွေထူလပျစ်
စေတနာကောင်းကောင်းနဲ့
လောဘလေးများများစွက်ပြီး
ချက်လုပ်ထားတဲ့
သေရက်တစ်ခွက်လိုပဲ
အဲဒါကိုပဲ
ငါတို့ မက်မက်မောမော
သောက်သုံးကြ(သောက်သုံးနေဆဲ)
သခွပ်ပန်းပွင့်တာကိုတောင် မသိလိုက်ဘူး............။

ငါတို့တကယ်လိုနေတာက
ဝမ်းနှုတ်ဆေးတစ်ဖုံ
ဒါက
အစာမကြေတာကို
အကောင်းဆုံးကုသနိုင်တယ်..............။

မိုးတိမ်ကဗျာ

Friday, July 17, 2009

နှလုံးသွေး နှင့် ထူဆစ်သော

ကောင်မလေးရေ

ငါရေးတဲ့ ကဗျာတွေက

အရမ်းကောင်းတယ်လို့

နင်ပြောခဲ့တယ်နော်….

ငါဘယ်လောက်ထိ

ခံစားနေရသလဲဆိုတာ

နင်သာကိုယ်ချင်းစာတတ်ခဲ့ရင်….

ငါ့ရဲ့ ကဗျာတွေကို

ကွဲကြေသွားတဲ့ နှလုံးသားက

စီးကျလာတဲ့ မျက်ရည်စီးကြောင်းတွေနဲ့

ညတိုင်းထုဆစ် ပုံဖော်ခဲ့ရတာပါ…..

နင့်ကိုပြောပြချင်တဲ့၊ပြောပြခွင့်မရခဲ့တဲ့

စကားလုံးတွေကို ကဗျာထဲကနေ

နင်ကြားနိုင်ပါစေဆိုတဲ့

မ၀ံ့မရဲ ဆန္ဒလေးတစ်ခုရင်မှာ ပိုက်လို့ပေါ့….။

မိုးတိမ်ကဗျာ

မင်းအတွက်

အမုန်းနတိဆိုး

ငါ့ရင်ဘတ်ထဲ ခိုလှုံခွင့်ရသွားတဲ့အချိန်

ခိုကိုးရာမဲ့ဘ၀မှာ ဦးတည်ရာအရပ်

ဘယ်နေရာမှာ ရောက်နေလဲ…..။

မိန်းကလေးတစ်ယောက်ရဲ့ ကျိန်စာဆိုး

ငါ့ဘ၀သင့်ခဲ့ပြီးနောက် မျှော်လင့်ချက်ရောင်ခြည်

ဘယ်တော့မှ ထွန်းလင်းလာမလဲ…..။

အာဒမ်ရဲ့ နံရိုးအပြင်ကိုရောက်ကတည်းက

အနိုင်ယူတတ်တဲ့ ဧ၀တွေ

တစ်ယောက်ပြီးတစ်ယောက်မွေးဖွားလာကြတယ်

အဆုံသတ်မဲ့ အချိန်ဘယ်တော့လဲ…..။

မျက်ဝန်းတစ်စုံရဲ့ အမဲလိုက်ခြင်းခံလိုက်ရတဲ့

နှလုံးသားသားကောင်

ဟိုတစ်နေ့က ကျပ်ခိုးစင်ပေါ်မှာတွေ့လိုက်မိတယ်

ထောင့်ကပ်ဆွေးငိုနေတဲ့ သနားစရာသတ္တ၀ါရဲ့

လွတ်ငြိမ်းချမ်းသာခွင့်

ဘယ်သောအခါမှာ ရလိမ့်မလဲ……။

မိုးတိမ်ကဗျာ


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။