Friday, April 8, 2011

ဘာတဲ့လဲ

ကျုပ် တယုတယနဲ့ ထားချင်တာ
ရင်ကိုစုံကန်ထွက်သွားတဲ့ ကောင်မလေးကိုလေ...။

အချစ်မှာ အရင်လူနဲ့ နောက်လူဆိုတာ မရှိဘူး
တကယ်တော့ အချစ်ရှိဖို့ပဲလိုအပ်တာပါ....။
ဒါပေမယ့် ကျုပ်ချစ်တဲ့ ကောင်မလေးမှာ အချစ်မရှိတော့
ကျုပ်တန်းစီစရာ မလိုတော့ဘူးပေါ့...............။

လူတစ်ယောက်က အချစ်ဟာ ချဉ်စုတ်စုတ်နဲ့ ပါးကြိမ်းတယ်တဲ့
နောက်လူကအချစ်ဆိုတာ ချိုမြိန်မှုတဲ့
အမျိုးမျိုးဖွင့်ဆိုမှုတွေနာကြားပြီးနောက်
ကျုပ်စမ်းချစ်ကြည့်တော့
အဲဒီ့ကောင်မလေးက ရှောက်ချိုသီးလိုပဲ
ချဉ်သလို ချိုသလိုနဲ့
ကျုပ် တစ်မွန်းတည့်လောက် ရူးသွားဖူးတယ်......။

                                                    မိုးတိမ်ကဗျာ

ကမ္ပည်းတစ်ခု၏အတွင်းအကျဆုံး


ပြာလဲ့လဲ့တောက်ဆဲ
မီးတောက်ထဲ သေချာကြည့်ကြည့်
ငါ့ဘ၀ကို တွေ့ရမယ်............။

ကျောက်စာမထွင်း
အမှောင်ကမ္ဘာမှာ လင်းတဲ့ ငါ့ရဲ့ မီးပြတိုက်ကလေး
ရာဇ၀င်မတွင်ပေမယ့် ငါ့ညတွေမှာတော့
အလင်းတို့ ဝေဖြာဖူးရဲ့............။

ထိုရာဇ၀င်တည့်တည့်မှာ
ကြယ်တို့ ပြောင်းပြန်ကြွေကြ
အတိတ်တို့  ငိုကြလည်း
စိတ်တို့ ဖြေစရာ၊အငွေ့ တို့ အိမ်ရာ
ငါ့နှလုံးသားကို၊ မျက်ရည်တွေနဲ
့ကမ္ပည်းထိုးကြလိမ့်မယ်.......။

မင်းရဲ့အကောင်းဆုံး ဆိုတဲ့အရာတွေကို
ငါ့ရဲ့အဟောင်းဆုံး ဆိုတဲ့အရာတွေနဲ့ 
အစားမထိုးနိုင်ပေမယ့် နှလုံးခုန်သံကို
တယောထိုးတိုင်း ငိုခဲ့ဖူးတယ်
အလွမ်းကဗျာတွေနဲ့ ......။

                                            မိုးတိမ်ကဗျာ + Picoကြယ်

Sunday, March 20, 2011

အတွေးတို့ ပေါက်တတ်ကရဖြစ်ခြင်း


မိုးနဲ့ဆောင်းတို့ အတူကခုန်ကျတဲ့
နွေရာသီ အတုမှာ
ညနေခင်းတွေဆို ရေမချိုးဖြစ်ဘူး........။

ဂျပန်က နျုကလီးယားပေါက်ကွဲ
လစ်ဗျားမှာ လူထုတွေ ပေါက်ကွဲ
ဘယ်နေရာမှ ဘာတွေ ပေါက်ကွဲကွဲ
တစ်ရက်စာအတွက် တစ်နပ်စာစားရဖို့ထက်
ဘယ်အရာကပိုအရေးကြီးသလဲ...........။

ခံစားချက်တွေ အလွယ်တကူ မြုပ်နှံပစ်ကြ
ဒေါသတွေ ရာဂတွေ တရှိန်ရှိန်တက်နေတဲ့ ညနေခင်းထဲ
ကချေသည်တစ်ယောက် လမင်းသံစဉ်နဲ့ လာဖျော်ဖြေတယ်။

ဝေစရာ အလင်းတွေ သဂြိုလ်ပြီးမှ
ငါ့အတွက် ညဘက်မှာ လာလာမထွန်းစမ်းပါနဲ့
အမှောင်ထဲမှာပဲ ငါ နေသားရနေပါတယ်
လပြည့်ဝန်းရယ်....။

တဟုန်ထိုးစီးလာတဲ့ လေစီးကြောင်းထဲ
ဒုံးပျံတစ်ခုလို တောင်ပံမပါဘဲ လွင့်ထွက်သွားတယ်
လူငါးသန်း ပွက်လော ရိုက်နေတဲ့ မြို့တော်ကြီးထဲ
ငါ လူလာဖြစ်ရတာ ရင်နာတယ်.............။

ကောက်လှိုင်းသံ တညံညံ
ငွေသံ တချွင်ချွင်မြည်သံဆဲဆဲမှာ အခါမဲ့ ရွာချသောမိုး
“ပဲ” တောင်သူ တွေရဲ့ မျှော်လင့်ချက်ကို အတင်းခိုးယူသွားတယ်......။

မဟုတ်မတမ်း မက်တဲ့ အိမ်မက် တစ်ပိုင်းမှာ
မီးသတ်ကားဥသြဆွဲသံကြားတယ်........။

မြောင်းနဘေးမှာ ပေါက်တဲ့ ပဒိုင်းပန်းနဲ့
လယ်ကွင်းထဲ ပေါက်တဲ့ ပဒိုင်းပန်း
ဘာကွာသလဲ........................

ရူးတူးတူး အတွေးတွေ တညနေခင်းလုံးကို အပိုင်သိမ်းထားတယ်
သူတို့ကို အပြုတ်တိုက်ဖို့ ကဒါဖီလို ဟယ်လီကော်ပတာတွေ မရှိဘူး
မောင်းပြန် ၄၇ မရှိ ဓာတ်ဆီနဲ့ လောင်စာမီးလဲမရှိဘူး....။

မကြာခင် လွမ်းခြုံလာတော့မယ့်
လူလုပ် အလင်းရောင်အောက်မှာ
အသွေးအသားတို့ ညှီစော်နံကြတယ်.......။

လက်တည့်စမ်းသူ = = မိုးတိမ်ကဗျာ
နွေရာသီ မူမမှန်တဲ့ရက်
ပေါက်တတ်ကရ တွေးနေချိန် (ည ၇း၀၀ တိတိ)

လိပ်ပြာဟောစာတမ်း

ကောင်းကင်ပြာအောက်မှာ
“တစ်မိုးအောက်တစ်ယောက်ပဲချစ်တယ်”
ဆိုတဲ့ ဂတိတွေ နေလာနှင်းပျောက်သလိုဖြစ်မယ်လို့
ဘုံကြိုးပြတ်လာတဲ့ နတ်ပျိုမက ငါ့ကို ဟောကြားတယ်..။

တေလေတစ်ယောက်မှာ အချစ်မရှိရဘူးလို့
ဘယ်နတ်ဆိုးက သတ်မှတ်သလဲ....။

ဆင်းရဲချမ်းသာ လူမရွေးတဲ့
ရှင်သေမင်းက လက်တကမ်းမှာ
အချိန်ရှိတုန်း ငါ့ကို မြန်မြန်ပြန်ချစ်တာ ကောင်းလိမ့်မယ်......။

ကျောက်တောင်ကို ဒူးနဲ့ပြေးတိုက်ပြမှ ချစ်မယ်လို့တော့မပြောနဲ့
အားအင်အကုန်လုံးကို နင်အမြင့်ရောက်ဖို့ ထုတ်သုံးလိုက်ရလို့
ဝင်သက်က ယိုင်နဲ့နဲ့ရှိဆဲ.................။

ဟောဟိုက.... မှော်ဆရာရဲ့ ကြိမ်လုံးမျိုးလိုချင်တယ်
ဂါထာတစ်ပုဒ်နဲ့ လိုရာတောင်းနိုင်ရင်
နင့်အတွက် စပါယ်တွေ ဝေနေတဲ့
ကဗျာတစ်ပုဒ်လောက် ငါတောင်းမယ်......။

ခရေကို မကြိုက်လို့ ခတ္တာနောက်ကို လိုက်ရက်တဲ့
မိန်းမပျိုရယ်
ပန်ချင်ပန် နင်းရင် ဖ၀ါးတော်မစူးရလေအောင်
ငါကိုယ်တိုင်က ဆူးမရှိတဲ့ နှင်းဆီပါ.......။

လရောင်တမ်းချင်းနဲ့ တိမ်လွှာကကြိုး
ထိုအရာနှစ်ခုကို နင့်အတွက်ယူပေးဖို့ကြိုးစားရင်း
သေရည်တစ်ပုလင်းနဲ့ အိမ်ပြန်ညတွေမှာ
ဓာတ်တိုင်အိုတွေက ငါ့ကိုလာလာတိုက်ကြတယ်......။

မိုးတိမ်ကဗျာ

Monday, March 14, 2011

မေမေဆီသို့ပေးစာ

နှစ်သစ်အဖွင့် ညမှာ ကျွှန်တော် ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။



မေမေဆီသို့ပေးစာ
မေမေ
ကျွှန်တော်ဟာလေ လူ့ဘ၀ထဲ မရောက်ခင်ကတည်းက
မေမေ့ကို ကိုယ်ဝန် အဆိပ်တက်စေပြီး
သေမင်းခံတွင်းထဲ တွန်းပို့ခဲ့သူပါ.......။

နေ့နဲ့ည လွဲမှားပြီး
ညညသောင်းကျန်းနေတတ်တဲ့
ကျွှန်တော့်ကို အမေတစ်ချက်ကလေးမှ မငြူစူခဲ့ဘူးနော်
ကျွှန်တော်ဆိုတဲ့ကောင်ကတော့
အလုပ်ပင်ပန်းလို့
ညဘက်ဆို အကြောတက်တတ်တဲ့အမေ့ကို
နှိပ်ပေးဖို့ အကြောက်ကန်ငြင်းဆိုခဲ့ဖူးတယ်........။

မေမေနဲ့ဖေဖေ ရုန်းကန်ရှာဖွေ
ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးကိုမှ မထောက်ထားဘဲ
ကျွှန်တော် ဆိုးပေနေတုန်းကလဲ
အပြုံးမပျက် ဖေးမနှစ်သိမ့်ပေးခဲ့ပေမယ့်
နောင်တကို နောင်ခါမှလို့ အတွေးဝင်ဖူးတယ်မေမေ.........။

အခု ကျွှန်တော် အရွယ်ကလေး မရှိတရှိကျမှ
မိဘကျေးဇူးကို သတိရမိတယ်အမေ

ခွင့်လွတ်ပေးပါ ကျွှန်တော်ဆိုးခဲ့တာတွေကို
မသိတတ်ခဲ့တာတွေကို သင်ပုန်းချေ
ရှိသမျှခွန်းအားနဲ့ ရေမြေခြားမှာ
ကြိုးစားရုန်းကန်ပြီး ပိုက်ဆံမဖြစ်စလောက်ကလေးနဲ့
မေမေတို့ နောက်ဆုံးအချိန်ထိ
ကျွှန်တော် ပြုစုကျေးဇူးဆပ်ချင်တယ် မေမေ.........။.

မေမေကျခဲ့တဲ့ ချွေးစက်တွေ
ဖေဖေ သွေးချွေးနဲ့ရှာဖွေကျွေးမွေးခဲ့တဲ့
ကျေးဇူးတရားနဲ့နှိုင်ယှဉ်ရင်
မပြောလောက်ပေမဲ့ ကျွှန်တော့ လုပ်အားနဲ့
အတတ်နိုင်ဆုံး ရှာဖွေကျေးဇူးပြုခဲ့ချင်တယ်.........။


မေမေနဲ့ဖေဖေရဲ့ ကျေးဇူးတရားတွေဟာ
မြင့်မိုရ်တောင်ထက် ပိုကြီးမားတယ်ဆိုတာ
ညီလေးထက် မိဘကိုပိုဒုက္ခပေးမိတဲ့
ကျွှန်တော်သာအသိဆုံးပါမေမေ.................။

မိုးတိမ်ကဗျာ

ချယ်ရီဆောင်း

နှင်းတစ်ဆုပ်နဲ့ကျတဲ့ဆောင်း
ငါ့နှလုံးသားကို အေးခဲအောင်ပြုလုပ်ပေးပါ
မျက်နှာရှေ့ ဖြတ်တိုက်လာတဲ့
လေထုမှာ ချယ်ရီရနံ့ကို ရူရှိက်မိတယ်

အခုလောက်ဆို
တောင်ပေါ်သူလေးတစ်ယောက်
ချယ်ရီပင်အောင်မှာ ငါ့ကိုစောင့်နေလောက်ပြီ..။

အိုနှင်းထုတို့
ငါ့အမြန်နှုန်းကို မတားဆီးထားပါနဲ့

ငါအပြေးလာနေပြီ
ထင်းရူးပင်စိမ်းတို့ ဝေနေသောတောတန်းမှာ
ငါ့ခြေရာထင်ချန်စေပြီးတဲ့နောက်
ချယ်ရီပင်လေးရှိရာသို့..................................။

မိုးတိမ်ကဗျာ

စိတ်ကူးတွေကြွေကျတိုင်း

စိတ်ကူးတွေ ကြွေကျတိုင်းသာ
တကယ်ဖြစ်မှန်ခဲ့ရင်လေ
နင်နဲ့ငါဟာ ဘယ်တော့မှ ဝေးကွာခဲ့မှာ မဟုတ်ဘူး။။။။

ကောင်းကင်ကြယ်ရောင် လင်းတဲ့ညမှာ
နှုတ်ဆက်တေးတစ်ပုဒ်နဲ့ နင်လက်ပြနှုတ်ဆက်လို့......။

ငါမငိုပါဘူး
ငါတကယ် မငိုပါဘူး
ရင်ထဲက ငါငိုနေတာကို နင်မသိပါစေနဲ့လေ
ငါ့မျက်နှာပေါ်စီးဆင်းကျလာမဲ့ ထိုမျက်ရည်များကို မြင်ခဲ့ရင်
နင်ရဲ့တိုးတက်ဖို့လမ်းမှာ အဟန့်အတားဖြစ်မှာကိုပဲ ငါ စိုးရိမ်ခဲ့တာ
အဲဒါကြောင့် ငါ မငိုမိပါဘူး......။

ထိုကြယ်ရောင်လင်းတဲ့ ညမှာ
ရင်ထဲကို သပ်ရိုက်ထားသလို
ငါ့ရင်ထဲ တင်းကျပ်နေပေမယ့်
နင့်ကို ခေါ်ဆောင်သွားမယ့်
Silk Air လေယာဉ်ကြီးကတော့ တောင်ပံဖွင့်လျှက် ပေါ့ပါးနေလေရဲ့.......။

မိုးတိမ်ကဗျာ

တစ်ရက်တာအတွက်

ဖေဖော်ဝါရီ ၁၄
အဲဒီ့နေ့နဲ့ဝေးရာအရပ်ဖြစ်သော
အီရန် နိုင်ငံမှာ ငါ့ကို ခိုလှုံခွင့်ပေးပါ
ထိုးနှက်မှုတွေကို မခံနိုင်တော့လို့
ခဏတာလောက် လွတ်ငြိမ်းခွင့်ပေးပါ...။

ငါနာကျင်နေတယ်
ဟိတ်....ဖေဖော်ဝါရီ ၁၄ ရေ
ငါတကယ်ကို နာကျင်နေတုန်းပါပဲ....။

အထိအတွေ့တို့ ထုံမွမ်းခဲ့ဖူးသော
(၁၄)ရက် အချို့ကို ငါပြန် အမှတ်ရရင်း
ငါ့ကို
အီရန်မှာ တစ်ရက်စာ နေထိုင်ခွင့်ပြုပါ။။။

မိုးတိမ်ကဗျာ

သိတယ်

သိတယ်
ငါဟာ သောက်သုံးမကျတဲ့ လုညံ့တစ်ယောက်ဆိုတာ.....။

သိနေခဲ့တယ်
တစ်နေ့နေ့
နင်လမ်းခွဲပြီး အဝေးဆုံးကို ထွက်ပြေးသွားမယ်ဆိုတာ....။

နေ့စဉ်ထုတ် သတင်းစာရွက်တွေလို
မုသာဝါဒါတွေ မိုးလုံးပြည့် ....
ပါးစပ်လှလှလေးက
ရွှေခန်းဆောင် အိမ်မက်အပိုင်းအစတွေနဲ့
ငါ့ကို ပစ်ပေါက်
ငါ သိနေတယ်......
..
..
..
အလွမ်းအကြောင်း
..
..
သစ္စာမဲ့ မိန်းမရဲ့ အသွေးအမွေးကို
ငါနင့်ကို စတွေ့ကတည်းက
ငါသိနေခဲ့တယ်.....
ဒါပေမယ့် နင့်ကိုနင်တော့ အောင်နိုင်သူ
စစ်သူရဲတစ်ယောက်လို
မိန့်မိန့်ကြီးပြုံးလို့
နင်ကိုယ်နင် အနိုင်နဲ့ပိုင်းနိုင်တယ်လို့ ယူဆနေခဲ့သလားလေ..။
ဒီလိုဆိုရင်တော့ ငါဟားတိုက်လို့ ရယ်ချင်
ကြိုတွေးမိလို့ နင်လမ်းခွဲမယ်ပြောတုန်းက
ငါ အရယ်မပျက်ခဲ့ဘူးလေ..။

သစ္စာ

အို...မိန်းကလေးငယ်
သင်နာမကျန်းဖြစ်ချိန် အနားမှာ ပြုစု နှစ်သိမ့်ခွင့်ပေးပါ........။
ထို့အတွက် မည်သည့် အဖိုးအခကိုမှ
သင့်ဆီက တောင်ယူလိမ့်မည်မဟုတ်
အကျွှနုပ်၏ ဖြူစင်သော မေတ္တာဖြင့်
သင့်အားထာာဝရ စောင့်ရှောက်ပါရစေ.........။

အသင်.....မိန်းကလေးငယ်
လောကဓံ မုန်တိုင်းပင်လယ်မှာ
တစ်ယောက်ထဲ ပင်ပန်းဆင်းရဲနေချိန်
ကျွနုပ်ကမ်းပေးသောလက်ကို တွဲလိုက်ပါ......။

အသင်
အားငယ်နေချိန် နဘေးမှာ အားပေးမယ်
အသင်
ဝမ်းနည်းနေချိန်များတွင်
မျက်ရည်တို့ကို တယုတယ သုတ်ပေးမယ်....။
ထို့ထက်ပို၍ ကျွနိုပ်ထက် သင့်လျှော်သောသူကို
ရှာတွေ့လျှင် သင့်အနားက ကြည်ဖြူစွာဖြင့် ထွက်ခွာပေးမယ်....။
ထိုသူကို ရှာမတွေ့ခင် ခဏတော့
ကျွနုပ်အား သင့်အနားတွင် နေထိုင်ခွင့် ပြုပါလော့
အိုချစ်လှစွာသော ..မိန်းကလေးငယ်...............။
မိုးတိမ်ကဗျာ

ကာရန်မဲ့ ကကြိုး

ခုနှစ်စင်ကြယ် ကကြိုးနဲ့
အနက်ရောင်ကဗ္ဗလာပေါ်မှာ ကပြဖျော်ဖြေတော့
ထိုညမှာ အိမ်မက်တွေ စိုပြေဖူးတယ်.........။

လမင်းငုတ်တုတ် ငိုက်တဲ့ ည
ဒီည
ကြယ်ရောင်အောက်မှာ ငါနင့်အကြောင်း
ဒီကဗျာတစ်ပုဒ် ဖွဲ့ဆို၍ ဆောင်းခိုငှက်တွေနဲ့အတူ
လမ်းကြုံပါးလိုက်တယ်
ငါ့ကို သတိရရင် အလွမ်းပြေထုတ်ကြည့်ဖို့လေ..........။

ဝိုးတစ်ဝါးနဲ့ အနားတိုးရောက်လာပြီး
အလဲထိုးအနမ်းတစ်ချက်နဲ့
အသည်းတစ်ခြမ်းခွဲခဲ့တဲ့
နတ်ပျိုမရေ နင့်ကို
ဒီတစ်ညတော့ စိတ်ကူးယဉ်ခွင့်ပြုကွယ်။။။။။

မိုးတိမ်ကဗျာ

စိတ်ကုးတည့်ရာ (၂)

စုတ်တီးစုတ်ပဲ့ အလွမ်းတွေပဲ
ထွန်းကားတဲ့ ငါ့ကမ္ဘာမှာ
ကဗျာတွေ ရှင်သန်နေလေ့ရှိတာ
ဘာမှ အဆန်းပါဘူးး.............။

ပိုက်ဆံတွေ ကုန်းရုံးရှာပြီး
ငွေကို ဖန်ဆင်းရှင်လို သဘောထားတဲ့
လူ့မလိုင်တွေရဲ့ အမှုအကျင့်ကို
ငါရွံမုန်းတယ်....။

ပေတေပြီးနေချင်သလိုနေထိုင်တာကို
သဘောမကျရင် ကိုယ်သဘောကျတဲ့
ပုံစံအတိုင်းကျင့်သုံးနေသူကို
လိုက်ရှာပြီး ပေါင်းသင်းပါကွာ
မဟုတ်မဟတ် စကားတွေနဲ့
လာလာမပုတ်ခတ်စမ်းပါနဲ့
မင်းတို့စကားတွေကို ကြားရတော့ကြာတော့
နားငြီးလာပြီ။ ။
မိုးတိမ်ကဗျာ

နောက်ကျမိခြင်း

အနမ်းတွေချွေ
ပန်းတွေဝေပြီးမှ
အလွမ်းတွေပေးလာတော့
နောက်ဆုတ်ရတာခက်တယ်...။

ပိတောက်တစ်မျက်နှာနဲ့
ချစ်သူထံ အရောက်လှမ်းလင့်ပေမယ့်
နှောင့်နှေးမိလေသော တခဏမှာ
ဘ၀သက်တာအတွက်
ထာဝရမီးနီပြနှင့်လေပြီ..........။

မိုးတိမ်ကဗျာ

ရင်နာတဲ့ April

ငါမရေးချင်ဘူး
ရင်နာခဲ့ဖူးတဲ့ ဧပြီအကြောင်းကို......။
မနှစ်က ဧပြီမှာ နင်ငါ့ကို သစ္စာဖောက်သွားခဲ့တယ်
ထို့အတူပဲ အမြဲ ချိန်ခါမှန် ပွင့်တဲ့ ပိတောက်တွေတောင်မှာ
မနှစ်က မဖူးပွင့်ပဲ ငါ့ကို ကောင်းချီးပေးကြတယ်.......။

ရေစိုစို မနှစ်က သင်္ကြမှာ
ယောင်တောင်တောင် ဖြစ်နေတဲ့ငါ့အတွက်
သစ္စာရှိ အဖော်မွန် အဖြစ်
High ပုလင်းက ငါ့ကိုအဖော်လုပ်ပေးတယ်။

ဧပြီရေ
ဒီနှစ်တော့ နင်နဲ့ဝေးရာအရပ်
နင့်အရိပ်တွေ နင့်အသံတွေဝေးရာဒေသ
ငါ့ကို နိုင်ငံရပ်ခြားမှာပဲ
နေထိုင်ဖို့ ဆုတောင်းပေးကွယ်။

မိုးတိမ်ကဗျာ

ဘ၀အာမခံချက်

အလွမ်းနဲ့ စာစီကုံးထားတဲ့
ကဗျာတစ်ပုဒ်ကို ဖတ်ရတာ
ကောင်းတယ်လို့ နင်အမြဲပြောဖူးတယ်.။

နင်ချန်ထားခဲ့သော
အလွမ်းအစုတ်အပြတ်တွေနဲ့
လက်ကျန်ဘ၀ကို ချိနဲ့နဲ့ လှမ်းလျှောက်နေရတဲ့
ငါ့ကိုကျတော့ နင်မသနားခဲ့ဖူးနော်...........။

နင့်လုပ်ရပ်တွေ မှန်ကန်ပါတယ်
ငါဆိုတဲ့ အပေအတေတစ်ယောက်မှာ
ကဗျာတွေပဲထွန်းကားတော့
နင်လိုချင်တဲ့
ရွှေလမ်းခင်း ရွှေနန်းစံဘ၀ကို
ငါကမှ မထားပေးနိုင်တဲ့နောက်
လမ်းခွဲ အဆက်ဖြတ်လိုက်တာ
နင့်ဘ၀အာမခံချက် ကောင်းသွားတာပေါ့..............။
မိုးတိမ်ကဗျာ

ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။