Sunday, August 9, 2009

အိမ်မက်မဟုတ်သော အိမ်မက်

ငါဂရုတစ်စိုက် မက်ခဲ့တဲ့
အခန်းဆက် အိမ်မက်ရှည်
ဒီညမှာ
ဇာတ်သိမ်းခန်းရောက်ပြီလား.............။

အိမ်မက်ကားထဲက
မင်းသားနဲ့မင်းသမီး
သူတို့နေရာမှာ
ကိုယ့်ကိုယ်ကို မင်းသားလုပ်
မင်းသမီးအဖြစ်
နင်ကသရုပ်ဆောင်တယ်
အလွမ်းမရှိ
အမုန်းမရှိ
မာယာတွေလည်း မရှိခဲ့ပါဘူး
ဒီလိုနဲ့
အဖြူရောင် အိမ်မက်ကို
ငါညတိုင်းမက်ခဲ့တယ်..............................။

အခုညလည်း
သရုပ်ဆောင်ဖို့
အိမ်မက်ရိုက်ကွင်းကို
အမြန်လာခဲ့ပါ ကောင်မလေး
ငါမက်ခဲ့တဲ့ အိမ်မက်ရှည်ကို
နောက်ညတွေမှာလည်းဆက်မက်ချင်သေးတယ်
ဇာတ်သိမ်းပိုင်းမရှိတဲ့
ငါ့ရဲ့ ........အခန်းဆက်အိမ်မက်ရှည် .................။.

မိုးတိမ်ကဗျာ

နေတစ်ခြမ်းနဲ့လင်းတဲ့ကောင်းကင်

အချစ်ဘာသာကို
နားလည်ဖို့အက်ဆစ်ကန်ထဲမှာ
မိုးလေ၀သရဲ့ပြောင်းလဲခြင်းသီအိုရီကို
သင်ခဲ့တယ်။
ဒါပေမယ့်
ပြဌာန်းစာအုပ် မရှိဘူး။
လရောင်ကို မျက်နှာမူနေတဲ့ နေကြာပန်း
သူတို့
နေတစ်ခြမ်းလင်းတဲ့
ငါ့ကောင်းကင်ကိုကျောခိုင်းလိုက်ကြတယ်။
အပြည့်ကိုပဲ
တန်ဖိုးထားကြတဲ့
သူတို့
အပြည့်မဟုတ်ပေမယ့်တစ်ခြမ်းထဲပါ
ဒါပေမယ့် “နေ”.........................။ မိုးတိမ်ကဗျာ

Saturday, August 8, 2009

စိုးရွံ့ခြင်း

မျှော်လင့်ခြင်းတွေ
တလက်လက်တောထနေတဲ့
အိမ်မက်ကမ္ဘာတစ်ခုပေါ်
စိတ်ကူးခြင်းတိမ်တိုက်တွေက
အလွမ်းတွေ ဖွင့်ချခဲ့တယ်........

ကြေကွဲခြင်း သစ်တောထဲမှာ
အဖော်မပါတစ်ကိုယ်ထဲ
ဘယ်ဆီမှာမှန်းမသိတဲ့
ထွက်ပေါက်တစ်ခုကို
တွေ့လိုတွေ့ငြား လိုက်ရှာခဲ့မိတယ်
ဆုလာဘ်အဖြစ်ရရှိလာမယ့်
အနမ်းတွေကိုမျှော်လင့်လို့ပေါ့..........။

ကောင်မလေးရယ်...
နင်ကငါ့အတွက် အလင်းရောင်ဖြစ်ခဲ့ရင်
နင့်နှလုံးသားမီးအိမ်ကို ထွန်းညှိပေးပါ
ငါလမ်းပျောက်သွားမှာ စိုးလို့...................။

မိုးတိမ်ကဗျာ

ကောင်းကင်ပျို နဲ့ သက်ရင့်မိုးတိမ်

ကောင်းကင်ပျို
ငါဟာ လေနှင်ရာကို
ဦးတည်ရာမဲ့ လွင့်နေခဲ့တယ်
ပန်းတိုင်ဆိုတာ ငါ့အတွက်အိမ်မက်ပေါ့........။

တစ်ခါတစ်လေ
ဝမ်းနည်းတဲ့အခါ
ငါ့ရဲ့ငိုကြွေးမျက်ရည်မိုးတွေ
ပထ၀ီမြေကြီးပေါ်ကို ရွာသွန်းခဲ့ပေမယ့်
ငါ့ကို ဘယ်သူမှ မနှစ်သိမ့်ပေးကြဘူး.....။

မိုးရေစက်တွေကြောင့်
တစ်စုံတစ်ရာကို
အကျိုးရှိခဲ့မယ်ဆိုရင်ပဲ
ငါကျေနပ်နေခဲ့တယ်.................။

ကဲ..................ကောင်းကင်ရေ
အခုဆို
ငါဟာ သက်တမ်းကုန်တော့မယ့်
တိမ်တစ်ခုပါ
တဟုန်ထိုး တိုက်ခတ်ပြီး
တစစီ ဆုတ်ဖြဲပစ်မယ့်
လေနီကြမ်း
မလာသေးခင်မှာ
နင့်ရဲ့အပြာရောင် ရင်ခွင်ထဲမှာ
တစ်ခဏလေးပဲဖြစ်ဖြစ်
သဘာဝရဲ့သံစဉ်ကို ငါဆိုညည်းချင်တယ်
ငါသိပ်မြတ်နိုးတဲ့.....................ကောင်းကင်ပျိုအတွက်ပေါ့

မိုးတိမ်ကဗျာ

ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။